WELCOME

Friday, December 2, 2011

ထိုင်းရေလွှမ်းမိုးမှုကြောင့် ၂၀၁၂ ခုနှစ် ကွန်ပျူတာဈေးကွက် ထိခိုက်မှုရှိလာနိုင်

ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် နိုင်ငံ ရဲ့ အကြီးဆုံး ဟာ့ဒ်ဒစ်ထုတ်လုပ်ရေးလုပ်ငန်း လည်ပတ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေ ရတဲ့အတွက် ၂၀၁၂ ခုနှစ်ရဲ့ ကမ္ဘာ့တစ်ကိုယ်ရေသုံး ကွန်ပျူတာ ထုတ်လုပ်ရေးဟာ သိသိသာသာ နှောင့်နှေးစေမယ့် အလားအလာ တွေရှိနေ တယ်လို့ ကျွမ်းကျင်သူတွေကနိုဝင်ဘာလ ၁၀ ရက်နေ့က သုံးသပ်ပြောကြားခဲ့ပါတယ်။

တစ်ကိုယ်ရေသုံးကွန်ပျူတာ (ပီစီကွန်ပျူတာ) တွေအတွက် မရှိမဖြစ် အရေးပါတဲ့ စက်ပစ္စည်း အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဟာ့ဒ်ဒစ် (HDD) တင်ပို့ ရောင်းချမှုဟာ အခု စတုတ္ထသုံးလပတ် မှာ ၃၀ ရာခိုင်နှုန်းလောက် အကျပ် အတည်း ဖြစ်ဖွယ်ရာရှိပြီး ပီစီထုတ်လုပ် သူတွေရဲ့ ကွန်ပျူတာထုတ်လုပ်ရေးမှာ ရပ်ဆိုင်းထားရမှုတွေ ဖြစ်စေနိုင်တယ် လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဖြစ်ပေါ်လာမယ့်အကျိုးဆက်နဲ့ ပတ်သက်ပြီး အဆိုးဆုံးတွေးရမယ်ဆိုရင် လာမယ့်နှစ် ပထမသုံးလပတ်မှာ ပီစီ တင် ပို့ရောင်းချမှု ဟာ၂၀ ရာခိုင်နှုန်းလောက် လျော့သွားနိုင်တယ်လို့ ကွန်ပျူတာလုပ်ငန်းနဲ့ပတ်သက်ပြီး အထူးကျွမ်းကျင်တဲ့ International Data Corporation (IDC) က သုံးသပ်ထားပါတယ်။

အရေးပါတဲ့ မန်မိုရီအစိတ်အပိုင်း တင်ပို့ရောင်းချရာ ကမ္ဘာ့ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ အလယ်ပိုင်း မြေပြန့်က စက်မှုဇုန် တွေမှာ အများဆုံး တည်ရှိတဲ့ ထိုင်းနိုင်ငံရဲ့အကြီးဆုံး HDD ထုတ်လုပ်ရေးလုပ်ငန်းက တင်ပို့ရောင်း ချတာပါ။

" HDD မလုံလောက်မှုဟာ ပီစီရောင်းချတဲ့ လုပ်ငန်းငယ်တွေရယ်၊ နက်ဘွတ်ခ်လိုဈေးချိုတဲ့ ကွန်ပျူတာတွေနဲ့ ဈေး အပေါဆုံး ကွန်ပျူတာတွေကို အများ ဆုံးထိခိုက်လိမ့်မယ်"လို့ အိုင်ဒီစီမှ လော်ရန်လဗ်ဗာဒီက ပြောပါတယ်။

"ဒါပေမယ့် လုပ်ငန်းကြီးတွေမှာတောင် HDD ပြတ်လပ်မှု ကြုံရမယ့် အလားအလာရှိပါတယ်။ အထူးသဖြင့် ဈေးကွက်ပိုပြီးခိုင်မာတဲ့ ခရီးဆောင် ပီစီ လောကမှာပေါ့"လို့ လဗ်ဗာဒီက ပြောပါတယ်။

အကြံပေးကုမ္ပဏီ IHS iSuppli ကလည်း ဘန်ကောက်အပါအ၀င် မြေ နိမ့်ပိုင်းဒေသဖြစ်တဲ့ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဇူလိုင်လ ကတည်းက ရေလွှမ်း မိုးနေတဲ့ ထိုင်းနိုင်ငံရေကြီးမှုကြောင့် ကမ္ဘာ့ဟာ့ဒ်ဒစ် တင်ပို့မှုဟာ လက်ရှိ ကာလမှာ ၅၁ သန်းယူနစ်လျော့နည်း သွားရာကနေ ၁၂၅ သန်းယူနစ်အထိ လျော့နည်းသွားနိုင်တယ်လို့ဆိုပါတယ်။

"လပေါင်းများစွာ ပစ္စည်းပြတ်နေဦးမယ်လို့ မှန်းဆပြီး HDD တွေရဲ့ ဈေးနှုန်းတွေကိုလည်း ဈေးမြှင့်ထားနှင့်ကြပါတယ်။ ဒါကြောင့် ဈေးထပ်တက်ဦးမှာ ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းကျော်လောက် မြင့်တက်ဖွယ်ရာရှိတယ်"လို့ IHSက ပြောပါတယ်။

တိုရှီဘာနဲ့ ၀က်စတန်ဒစ်ဂျစ်တယ်လို အခရာကျတဲ့ ကွန်ပျူတာထုတ်လုပ်ရေးလုပ်ငန်းကြီးတွေဟာ ထိုင်းအခြေ စိုက် HDD ထုတ်လုပ် ငန်းတွေရဲ့ ထုတ် လုပ်မှုကို ရပ်ဆိုင်းထားရစေတဲ့ ထိုင်း ရေလွှမ်းမိုးမှုကြောင့် သူတို့ရဲ့ ထုတ်လုပ်မှု အများဆုံးအပိုင်းဖြစ်တဲ့ ထိုင်း နိုင်ငံက ထုတ်လုပ်မှုကို ပိတ်ထားရပါတယ်။

Dell နဲ့ Hewlett-Packard တို့လို ပီစီကုမ္ပဏီကြီးတွေမှာတော့ ပစ္စည်း ပြတ်လတ်မှုကြုံလာရင် ဖြေရှင်းနိုင်ဖို့ အရန်သင့် စုဆောင်းထား တဲ့အတွက် ဒီနှစ်ကုန်ပိုင်းအထိအတွက်တော့ အဆင်သင့်ရှိနေပါတယ်လို့ Jefferies & Co ကျွမ်းကျင်သူ Peter Misek က ပြောပါတယ်။

ဒီပြတ်လပ်မှုဟာ Dell နဲ့ HP တို့ရဲ့ နောက်နှစ် ပထမသုံးလပတ်ရဲ့ ပီစီလုပ်ငန်းကို အလိုအလျောက် ဖြေရှင်းပေးပြီး သားဖြစ်သွား မှာပါ။

ဘာဖြစ်လို့လဲဆိုတော့ လက်လီရောင်းတဲ့သူတွေနဲ့ လက်ကား ရောင်းတဲ့သူတွေက တတ်နိုင်သလောက် ခပ်များများထုတ်ပေးဖို့ တောင်းဆိုနေကြလို့ပါလို့ Misek က သုံးသပ်ထားပါတယ်။

"ဒါပေမယ့် ပီစီနဲ့ HDD အရေအတွက်တွေ လျော့နည်းလာနေပြီး HDD ထုတ် လုပ်မှုလည်း ဆက်ပြီး ပြတ်လပ်နေရင် ဒုတိယသုံးလ ပတ်မှာ ပစ္စည်းပြတ်လပ်မှု သိသိသာသာကြီး ဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်တယ်"လို့ ၎င်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ခြောက်သွေ့ရာသီကို ရောက်တဲ့အခါနဲ့ ရေကျသွားတဲ့အခါ HDD ထုတ်လုပ်သူတွေက နှစ်ကုန်ပိုင်းမှာ လုပ်ငန်းပြန် လည်ပတ် နိုင်စွမ်းရှိ သင့်ကြောင်း၊ ဒါမှသာ ဇွန်လ လောက်မှာ တည်ငြိမ်တဲ့ဈေးနှုန်းတွေနဲ့ ဈေး ကွက်အတွင်းမှာ သာမန်အတိုင်း ပြန် ဖြစ်လာမှာပါလို့ အိုင်ဒီစီက ခန့်မှန်း ထားပါတယ်။

ဒါပေမယ့် HDD ပြတ်လပ်မှုဟာ ရောင်းအားပိုလျှံနှင့်ပြီးသားဖြစ်တဲ့ dynamic random-access memory (DRAM) ထုတ်လုပ်မှု လုပ်ငန်းလို တခြားလုပ်ငန်းတွေကိုလည်း ထိခိုက်စေ နိုင်ပါတယ်။

"၂၀၁၂ ခုနှစ်ပထမနှစ်ဝက်ရဲ့ ပီစီ ရောင်းအားကျဆင်းမှု တစ်ရပ်ဟာ DRAM ဈေးကွက်မှာ အရောင်းအ၀ယ် ထိုင်းသွားစေနိုင်ပါတယ်။ ရောင်းအား ကျနေတဲ့ အချိန်မှာ ထုတ်လုပ်သူတွေကလည်း သူတို့ပစ္စည်းတွေကို လျှော့ထုတ်ကြမှာပါ"လို့ IHS iSuppli က ကျွမ်းကျင် သူပညာရှင်တွေက သုံးသပ် ထားပါတယ်။

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံက တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများ၊ စက်ပစ္စည်း တပ်ဆင်မှု လုပ်ငန်းနဲ့ စမ်းသပ် စစ်ဆေးမှု လုပ်ငန်း တွေကိုလည်း ပိတ်ထားရပြီး အဲဒီလုပ်ငန်း နယ်ပယ်မှာလည်း အခက်အခဲတွေ့နေရ တယ်လို့ IHS iSuppli က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment